နေပြည်တော်အကြောင်း

By in real estate articles with 0 Comments

မျက်မှောက်ခေတ် မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော်သစ်လို့ ပြောလိုက်တာနဲ့ နေပြည်တော်ကို ပြေးမြင်မိကြမယ်ထင်ပါတယ်။ မှန်ပါတယ်…၂၀၀၃ခုနှစ်ကနေ ၂၀၁၄ခုနှစ် ၁၁နှစ်ကြာ ဖန်တီးပုံဖော်ခဲ့တဲ့ မြိုတော်သစ်ကြီးဟာ ယနေ့အချိန်ခါမှာတော့ မြန်မာပြည်ရဲ့ အစိုးရရုံးများအားလုံး စိုက်ထူရာ အုပ်ချုပ်ရေးမြို့တော်ကြီးအဖြစ် ခန်းနားထည်ဝါစွာ ရပ်တည်နေခဲ့ပြီဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေး၊ ကောင်းမွန်ခြင်း၊ မြန်မာနိုင်ငံဗဟိုချက်၌ နေရာယူ တည်ဆောက်ထားခြင်း၊ မြို့တော်အင်္ဂါရပ်နှင့်ပြည်စုံပြီး လှပစနစ်ကျသော Landscape Designများဖြင့် ပုံဖော်တည်ဆောက်ထားခြင်းတို့ကြောင့် အုပ်ချုပ်မှုမြို့တော် အဖြစ်သာမက စီးပွားရေး အချက်အချာ မြို့တော်ကြီးအဖြစ်လည်း တဖြည်းဖြည်းနေရာယူလာတာကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ အစိုးရဝန်ထမ်းများအားလုံးသာမက စီးပွားရေးလုပ်ငန်းများပါမကျန် မိမိတို့ရဲ့ သက်ဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ နေပြည်တော်ဟာ မဖြစ်မနေ ပါဝင်ပါတ်သတ်လာရတဲ့ အရေးပါတဲ့မြို့တော်ကြီးအဖြစ် ပါဝင်လာရပြီဖြစ်ပါတယ်။ ဒီလိုအရေးပါအရာရောက်ပြီး ခန်းနားထည်ဝါလှတဲ့ မြန်မာပြည်ရဲ့ အချက်အချာမြို့တော် နေပြည်တော်ရဲ့ ထူးခြားအရေးပါလှတဲ့ အခြေခံသမိုင်းကြောင်းရာများနဲ့ သိသင့်သိထိုက်သည်များကို ကျနော်တို့ နေပြည်တော်ဟောက်စ် ဝက်ဘ်ဆိုဒ် မှ ကြိုးစားမျှဝေ တင်ဆက် ပေးလိုက်ရပါတယ်။ ။
၁။ တည်နေရာ
အုပ်ချုပ်မှုမြို့တော်သစ် နေပြည်တော်မြို့တော်ကြီးသည်
မြောက်လတ္တီတွဒ် ၁၉ဒီဂရီ ၁၈မိနစ် နှင့် ၂၀ဒီဂရီ၂၅ မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၂၅မိနစ်နှင့် ၉၆ဒီဂရီ ၄၅မိနစ်ကြား၊ မြန်မာနိုင်ငံအလယ်ပိုင်း ပဲခူးရိုးမ(အလယ်ရိုးမ)နှင့် ရှမ်းရိုးမအကြားတွင် တည်ရှိပါတယ်။ ။
၂။ နယ်နိမိတ်
မြို့တော်နေပြည်တော်သည်
(က) မြို့ကြီးများနှင့် အကွာအဝေး
ရန်ကုန်မြို့၏ မြောက်ဘက် ခန့်မှန်းခြေအားဖြင့် (၂၄၄)မိုင်၊
မကွေးမြို့၏ အရှေ့ဘက် ခန့်မှန်းခြေအားဖြင့် (၂၂၀)မိုင်၊
မန္တလေးမြို့၏ တောင်ဘက် ခန့်မှန်းခြေအားဖြင့် (၁၈၈)မိုင်၊
ပင်လောင်းမြို့၏ အနောက်ဘက် ခန့်မှန်းခြေအားဖြင့် (၁၀၀)မိုင် တွင်တည်ရှိပြီး၊
(ခ) မြို့နယ်များနှင့် ဆက်စပ်မှု
မြောက်ဘက်တွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၊ အရှေ့ဘက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်၊
တောင်ဘက်တွင် ကရင်ပြည်နယ် သံတောင်မြို့နယ်နှင့်
ပဲခူးတိုင်းဒေသကြီးအရှေ့ ရေတာရှည်မြို့နယ်၊
အနောက်ဘက်တွင် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်နှင့် နတ်မောက်မြို့နယ်တို့နှင့်
ထိစပ်လျှက်ရှိပါတယ်။ ။
၃။ ဧရိယာ အကျယ်အဝန်း
မြိုတော်သစ်နေပြည်တော်သည် စုစုပေါင်းမြေဧရိယာ (၂၇၂၄.၂၅၆၃) စတုရန်းမိုင်/(၁၇၄၃၈၄၄)ဧက ကျယ်ဝန်းပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၁၅ မီတာ (၃၇၇ ပေ) ခန့်တွင် တည်ရှိနေပါတယ်။ ။
၄။ လူဦးရေ
၂၀၀၉ခုနှစ်စာရင်းအင်းများအရ မြို့တော်သစ်နေပြည်တော်တွင် လူဦးရေစုစုပေါင်း ၉၂၅,၀၀၀ ဝန်းကျင်ခန့် နေထိုင်ပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့ပြီးလျှင် မြန်မာနိုင်ငံ၏ တတိယလူဦးရေအများဆုံး မြို့တော်ကြီး ဖြစ်ကြောင်းလေ့လာမှတ်သားရပါတယ်။
၅။ မြို့တော်၏ တည်ဆောက် ဖွဲစည်းပုံ
(က)တည်ဆောက်မှု
နေပြည်တော်မြို့တော်သစ်ကြီးကို ၂၀၀၁ခုနှစ်၊ အောက်တိုဘာလ မှစတင်ကာ လိုအပ်သော လေ့လာ၊ ပြင်ဆင်၊ အတည်ပြုချက်များရခဲ့ပြီး၂၀၀၃ ဇူလိုင်လ(၂)ရက်နေ့ နနံက်(၇:၃၀)နာရီတွင် စတင်ပန္နက်ရိုက်ကာ ၂၀၁၄ခုနှစ် ဇန်နဝါရီလအထိ (၁၁)နှစ်ကြာ အထူးဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် အောင်မြင်စွာ တည်ဆောက်ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။ ။
(ခ)ဖွဲစည်းပုံ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို နေပြည်တော်မြောက်ပိုင်းခရိုင်(ဥတ္တရခရိုင်) ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်။
နေပြည်တော်တောင်ပိုင်းခရိုင်(ဒက္ခိဏခရိုင်) ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ် အဖြစ် ခရိုင်(၂)ခရိုင်၊ မြို့နယ်(၈)မြို့နယ်၊မြို့(၈)မြို့ဖြင့်ဖွဲစည်းထားပါတယ်။ စုစုပေါင်း ရပ်ကွက်(၅၇)၊ ကျေးရွာအုပ်စု (၁၈၇)၊ ကျေးရွာ (၇၉၆)ရွာ ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ (၃၁.၃.၂၀၁၅)အထိ
(ဂ) ရေရှည်အတွက်
ရေရှည်ခေတ်မှီဖွံ့ဖြိုးတိုးတက်သော မြိုတော်သစ်ကြီးတစ်ခုအဖြစ် မြို့တော်သစ်နေပြည်တော်ကို
အုပ်ချုပ်မှုဇုန်(Institutional Zone)၊ စီးပွားရေးဇုန်(Commercial Zone)၊
လူနေဇုန် (Residential Zone)၊ ဆက်သွယ်ရေးဇုန်(Terminal Zone)၊
အပန်းဖြေဇုန် (Recreational Zone)၊
ပညာရေးဇုန် (Educational Zone) အစရှိသဖြင့် ရေရှည် အနာဂါတ်အတွက်ရည်မှန်းပြီး စနစ်တကျ တည်ဆောက်ထားကြောင်း လေ့လာသိရှိရပါတယ်။ ။
၆။ ကနဦး မြေကွက်သစ်ဖေါ်ထုတ်မှု
မြို့တော်သစ်နေပြည်တော်တွင် ကနေဦး မြေကွက်သစ် ဖော်ထုတ်ထားမှုအနေနဲ့ ဥတ္တရသီရိမြို့၊ ဒက္ခိဏသီရိမြို့၊ ပုဗ္ဗသီရိမြို့တို့တွင် လူနေရပ်ကွက်အဖြစ်မြေကွက် (၁၉၇၅၀)ကွက်၊ ပုဗ္ဗသီရိမြို့နယ်တွင် စစ်မှုထမ်းများအတွက် (၁၃၀၅၆)ကွက် တို့အားဖေါ်ထုတ်ခဲ့ကြောင်း လေ့လာတွေရှိရပါတယ်။ ။
(နေပြည်တော် မြို့နယ်၊ ရပ်ကွက်အလိုက် မြေဈေးနှုန်း နှင့် အိမ်ခြံမြေ သိမှတ်ဖွယ်ရာများအကြောင်းကို နေပြည်တော်အိမ်ခြံမြေမှတ်တမ်းအမည်ဖြင့် ထပ်မံစုစည်းတင်ပြပေးပါမည်။)
၇။ မြေကွက်အကျယ်နှင့် အမျိုးအစားများ
မြေကွက်အကျယ်နှင့် အမျိုးအစားများအနေဖြင့် မြို့တော်နေပြည်တော်တွင်
၄၀x၆၀ ပေ၊
၆၀ ပေပတ်လည်၊
၆၀x၈၀ ပေ၊
၈၀ ပေပတ်လည်၊
၁၀၀ ပေပတ်လည်၊
၁၂၀ ပေပတ်လည်၊
၁၅၀ ပေပတ်လည်၊
၂၀၀ ပေပတ်လည်
၁ဧကကွက်စသည်ဖြင့်
မြေကွက်အကျယ်မျိုးစုံကို ဖေါ်ထုတ်ခဲ့ကြောင်း လေ့လာမှတ်သား ရပါတယ်။
၎င်းအပြင် Shop House ၁၀၀x၂၀၀ ပေ၊
ပြည်ပသံတမန်အိမ်ရာ ၅၀၀ ပေပတ်လည် (၁၂၀)ကွက်၊ ပြည်ပစစ်သံမှူးအိမ်ရာ ၃၀၀ ပေပတ်လည် (၅၀)ကွက်၊ ကျောက်မျက်ရတနာအချောထည်အရောင်းဆိုင်များ ၁ဧက(၁၂၂)ကွက်၊ အသေးစားနှင့်အလတ်စားစက်မှုဇုန်(ဒက္ခိဏသီရိ) ၂ဧကမှ ၂.၅ဧကရှိ (၁၁၅)ကွက်စသည့် အမျိုးအစားများကိုလည်း ကနဦးဖေါ်ထုတ်ခဲ့ကြောင်း မှတ်သားရပါတယ်။ ။
၈။ နေပြည်တော်ရှိဈေးများ
မြို့တော်အင်္ဂါရပ်တစ်ခုနှင့် ပြည့်စုံစေရန်နှင့် ၎င်းဒေသအတွင်းမှာ နေထိုင်ကြမယ့် ပြည်သူများ၏ စားဝတ်နေရေး၊ စီးပွားရေး၊ ကုန်စည်စီးဆင်းရေးနှင့် လူနေမှုစနစ်မြင့်မားရေးတို့အတွက် မြို့ပြစနစ်နှင့် ဆီလျှော်သော ဈေးများ၊ ဈေးဝယ်စင်တာများ တည်ရှိမှုကလည်း မရှိမဖြစ်လိုအပ်ချက်တစ်ရပ်ဖြစ်ပေတယ်။
မြိုတော်သစ် နေပြည်တော်တွင် ၎င်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် အဆင့်မြင့်ဈေးများ၊ ခေတ်မှီဈေးဝယ်စင်တာကြီးများကို အောက်ပါအတိုင်း တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။ ။
(က)မြို့နယ်အလိုက်ဈေးများ
(ဇမ္ဗူသီရိမြို့နယ်)တွင်
နေပြည်တော်မြို့မဈေး(၇-၅-၂၀၀၆)၊ သပြေကုန်းဈေး (၂၅-၃-၂၀၀၇)၊ သပြေကုန်းဇီဝကဈေးဆိုင်ခန်းများ(၁၅-၁၁-၂၀၁၁)၊သီရိရတနာ အဆင့်မြင့်ဈေး၊ အင်ကြင်းဈေး၊ သရဖီဈေး၊ ချယ်ရီဈေး၊ ဂန္ဓမာဈေး၊
ခရေဈေး၊ ပြန်ကပြေးဈေး၊ ရေဆင်းဈေး၊ ရွှေကြာပင်ဈေး
(ဒက္ခိဏသီရိမြို့နယ်)တွင်
နေပြည်တော်ဒက္ခိဏသီရိဈေး
(ပုဗ္ဗသီရိမြို့နယ်)တွင်
နေပြည်တော်ပုဗ္ဗသီရိဈေး၊ ပုဗ္ဗသီရိအဆင့်မြင့်ဈေး၊ ရွာတော်မင်္ဂလာဈေး၊ ငုရွှေဝါဈေး၊ ကျည်တောင်ကန်ဈေး
(ဥတ္တရသီရိမြို့နယ်)တွင်
ဥတ္တသီရိအဆင့်မြင့်ဈေး၊ ရွှေသဇင်ဈေး၊ တောင်ဇလပ်ဈေး၊ ဇီဇဝါဈေး၊ ရွှေနံ့သာဈေး၊ တောင်ညိုဈေး၊ ဥတ္တရသီရိ ကုန်စိမ်း၊ ကုန်ခြောက်၊ သား/ငါးဈေး။
(ပျဉ်းမနားမြို့နယ်)တွင်
အာဟာရသုခဈေး၊ ပျဉ်းမနားအမှတ်(၁)မြို့မဈေး၊ ယုဇနဈေး၊
လမ်းပျဉ်းမနားဈေး၊ ဆင်သေဈေး၊ ကေးလမ်း(မယ်ဒယ်ချောင်)ဈေး
(လယ်ဝေးမြို့နယ်)တွင်
လယ်ဝေးမြို့မဈေး၊ သာဝတ္တိဈေး၊ အေလာဈေး၊ ကန်သာဈေး၊ သပြေပင်ဈေး၊ သစ်ပုတ်ပင်ဈေး
(တပ်ကုန်းမြို့နယ်)တွင်
တပ်ကုန်းမြို့မဈေး၊ ညောင်လွန့်ဈေး၊ ရွှေမြို့ဈေး။
အစရှိသဖြင့် မြို့နယ်အလိုက် အသီးသီး တွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။
(ခ) Shopping Mallများ
အဆင့်မြင့် ခေတ်မှီ Shopping Mallများအနေနဲ့
Junction Centre၊ Capital Hypermarket Shopping Mall၊ Ocean Super Centre (ဥတ္တရသီရိ)၊ Sinma Living Mall၊ ဇေယျာသီရိကုန်ပဒေသာတိုက်တို့ကို တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။ ။
၈။ လမ်းပန်းဆက်သွယ်ရေး
တိုင်းနယ်ပြည်နယ်တစ်ခုရဲ့ စီးပွားရေးဖွံဖြိုးတိုးတက်မှုနဲ့၊ ကုန်စည်စီးဆင်းမှုအတွက်ဆိုရင် ၎င်းတိုင်းနယ် ပြည်နယ်၏ ပို့ဆောင်ဆက်သွယ်ရေးကောင်းမွန်မှုအပေါ် အဓိကမူတည်ပေသည်။ မြို့တော်သစ် နေပြည်တော်သည် မြန်မာပြည်၏ အချက်အချာ ဗဟိုချက်တွင် တည်ထောင်ထားခြင်း ဖြစ်သောကြောင့် ပို့ဆောင်ဆက်သွယ်ရေးအလွန်ကောင်းမွန်သော အထင်ကရတိုင်းနယ်ပြည်နယ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိနေပြန်ပါတယ်။ ။
(က) ကားဂိတ်၊ ဘူတာ၊ လေဆိပ်
ပို့ဆောင်ဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့ စေရန်အတွက် ဘောဂသီရိ အဝေးပြေး ယာဉ်ရပ်နားစခန်း (ပျဉ်းမနားမြို့နယ်)၊ နေပြည်တော်မြို့မဈေးအဝေးပြေးကားဂိတ်၊ သပြေကုန်ဈေး အဝေးပြေးကားဂိတ်၊ ဒက္ခိဏသီရိဈေးအဝေးပြေးကားဂိတ်၊ တော်ဝင်ကားဂိတ်(ဇေယျာသီရိ)၊ နေပြည်တော် ဘူတာကြီး၊ ပျဉ်းမနားဘူတာ၊ ၊နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်(အေလာ)စသည်တို့ကို တည်ဆောက် ထားရှိတာကို တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။
(ခ) လမ်းပန်း အခြေအနေများ
အထက်မှာတင်ပြခဲ့တဲ့အတိုင်း မြိုတော်သစ် နေပြည်တော်သည် မြန်မာနိုင်ငံ၏အချက်အချာ အလယ်ဗဟိုခန့် ဖြစ်သောကြောင့် လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်ပါတယ်။ နေပြည်တော်မှ မြန်မာပြည်၏ ဒေသအများစုသို့ အလွယ်တကူ တိုက်ရိုက်ဆက်သွယ် သွားရောက်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မြို့တော်နေပြည်တော်ဟာ အာရှအမြန်လမ်းမကြီးကွန်ယက် (အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဖြတ် အမြန်လမ်းမ)၊ နိုင်ငံပေါင်း (၂၈)နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အာရှမီးရထားလမ်း ကွန်ယက်ဇုန်တွေမှာ ပါဝင်နေပြန်ပါတယ်။
မြို့တော်နေပြည်တော်ရှိ မြို့သစ်လမ်းမများမှာ Landscape Design အလွန်ကောင်းမွန်ရုံမျှသာမက
မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်စွာ တည်ဆောက်ထားမှုကြောင့် ယာဉ်ကြောကျပ်တည်းမှုမရှိခြင်း၊
စိမ်းလန်းစိုပြေခြင်း၊
ခေတ်မှီလှပခြင်း၊
လေကောင်းလေသန့်ရနိုင်ခြင်း၊
သွားလာရလုံခြုံလွယ်ကူသက်သာခြင်း စသော အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မှာပဲဖြစ်ပါတယ်။ အများအားဖြင့် မြို့တော်အတွင်းရှိ လမ်းသစ်များမှာ အကျဉ်းဆုံး ပေ(၆၀) လမ်းများဖြစ်ပြီး၊ အကျယ်ဆုံး လမ်းမှာပေ (၂၀၀)ကျော် (၂၄၀)အထိရှိကြောင်းလေ့လာသိရှိရပါတယ်။ ဒါ့အပြင် မြို့တော်သစ်နေပြည်တော်အား Green City တစ်ခု ဖြစ်လာစေဖို့ စီမံဆောင်ရွက်လျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။
၉။ အထင်ကရနေရာများ
ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားရာ မင်းနေပြည်တော်မှာ ဆိုရင်ဖြင့်
(က) ဘုရားစေတီတော်များ
ဥပါ္ပတသန္တိ စေတီတော်မြတ်ကြီး၊
သတ္တသတ္တာဟ စေတီတော်၊
သံဝေဇနိယလေးဌာန (ဖွား၊ပွင့်၊ဟော၊စံ) နှင့် တရားစခန်း၊ မဟာသကျရံသီရပ်တော်မူ ရုပ်ရှင်တော်မြတ်ကြီး၊ ဓါတုစယဓာတ်ပေါင်းစုစေတီတော်၊ ဘုရားကိုးဆူစေတီတော်(ပျဉ်းမနား)၊
ကိုးခမ်းကြီးဘုရား၊
ရန်အောင်မြင်ရွှေရွက်လှစေတီတော်၊
နေရောင်ပြအင်းဘုရား၊
လှေခွင်းတောင်ဘုရား၊
ညောင်ပင်ကြီးစုရှေးဟောင်းဘုရားများ၊
မဟာပရဟိတလူငယ်ဖွံ့ဖြိုးရေးဥယျာဉ်(စမတောင်တော်)
အစရှိသော အထင်ကရ တန်ခိုးကြီး ဘုရားများကို ဖူးမျှော်နိုင်မှာပဲ ဖြစ်ပါတယ်။ ။
(ခ) ထူးခြားထင်ရှားသည့်အဆောက်အုံများ
ဒါ့အပြင် အုပ်ချုပ်မှုနှင့် စီးပွားရေးမြို့တော်ကြီးဖြစ်သည်နှင့်အညီ
နိုင်ငံတော်သမ္မတအိမ်တော်၊ လွှတ်တော်အဆောက်အအုံများ၊
နေပြည်တော်မြို့တော်ခန်းမ၊
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊
မြန်မာအင်တာနေရှင်နယ်ကွန်ဗင်းရှင်းစင်တာ(၁) MICC-1
မြန်မာအင်တာနေရှင်နယ်ကွန်ဗင်းရှင်းစင်တာ(၂) MICC-2
အစရှိသည့် အဆောက်အဦးများနှင့် အရေးပါစင်တာကြီးများ တည်ရှိရာနေရာလည်း ဖြစ်နေပြန်ပါတယ်။ ။
(ဂ) အပန်းဖြေနေရာများ
ဒေသတွင်းပြည်သူများနှင့် ခရီးသွားဧည့်သည်များ လေ့လာအပန်းဖြေ လည်ပတ်နိုင်စေရန်အတွက် နေပြည်တော်ရေပန်းဥယျာဉ်၊
အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)၊ တိရိစ္ဆာန်ဥယျာဉ်(နေပြည်တော်)၊ ဆာဖာရီဥယျာဉ် (နေပြည်တော်)၊
ရှမ်းကန်(ပျဉ်းမနား)၊ ရေပူစမ်းအပန်းဖြေစခန်း၊ ပန်းမြိုင်လယ်ဥယျာဉ်၊နေပြည်တော်ငလိုက်ကန်သာအပန်းဖြေစခန်း အစရှိသည်တို့အပြင်
(ဃ) ပြတိုက်၊ ပြခန်းနှင့် ဗိမာန်များ
မဟာဗျူဟာသာသနာ့ဗိမာန်၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊
မဏိရတနာခန်းမနှင့် ကျောက်စိမ်းဥယျာဉ်(နေပြည်တော်) လေဟာပြင်ဇာတ်ရုံခန်းမ၊ စစ်သမိုင်းပြတိုက်၊တပ်မတော် ပန်းခြံနှင့်စစ်ရေးပြကွင်း၊ နက္ခတ်တာရာပြခန်း (နေပြည်တော်)၊
သူရဲကောင်းစစ်သည်ဗိမာန် (နေပြည်တော်)၊ အမျိုးသားမော်ကွန်းတိုက်
အမျိုးသားစာကြည့်တိုက်၊အမျိုးသားပြတိုက် (နေပြည်တော်)
အမျိုးသားပရဆေးဥယျာဉ်တို့ကိုလည်း သွားရောက်လေ့လာရင်း
အပန်းဖြေနိုင်မှာပဲဖြစ်ပါတယ်။ ။
၁၀။ ပညာရေး
တိုင်းပြည်တစ်ပြည်တိုးတက်ရေးအတွက် ၎င်းတိုင်းပြည်၏ ပညာရေးကဏ္ဍ တိုးတက်မှုသည် အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ မြို့တော်နေပြည်တော်တွင် ပညာရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေရန်အတွက် စီစဉ်ထားရှိမှုများအနေနဲ့
(က) အခြေခံပညာကျောင်းများ
အစိုးရအထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်းများ၊ မူလတန်ကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ကိုယ်ပိုင်အလယ်တန်းကျောင်းများ၊ ကိုယ်ပိုင်မူလတန်းကြိုကျောင်းများ
အပြင်
(ခ) အဆင့်မြင့်ပညာသင်ကျောင်းများ
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း)
National Defence College
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ရေဆင်းသစ်တောတက္ကသိုလ်
စိုက်ပျိုးရေးသိပ္ပံကျောင်း (ပျဉ်းမနား)
အစရှိသည်တို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။
၁၁။ ကျန်းမာရေး
နေပြည်တော်တိုင်းဒေသအတွင်းရှိ ပြည်သူများအတွက် နေပြည်တော် ခုတင်(၁၀၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၊ တပ်မတော်ဆေးရုံကြီး၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်များရှိ ကုတင်(၅၀)ဆန့်မြို့နယ်ဆေးရုံများ၊ ပုဗ္ဗသီရိမြို့နယ်ဆေးရုံ(၂)၊ လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် ခုတင်(၁၀၀)ဆန့် မြို့နယ်ဆေးရုံတစ်ရုံစီ၊ ပျဉ်းနားမြို့နယ်ဆေးရုံ၊ ဇမ္ဗူသီရိမြို့နယ်တွင် ဇမ္ဗူသီရီအထူးကုဆေးရုံကြီး၊ နေပြည်တော် အရိုးရောဂါအထူးကု ဆေးရုံ (ဥတ္တရသီရိ)၊ နေပြည်တော် ကလေးရောဂါအထူးကု ဆေးရုံ (ဥတ္တရသီရိ)၊ နေပြည်တော် သားဖွားနှင့် မီးယပ်ရောဂါအထူးကု ဆေးရုံ (ဥတ္တရသီရိ)၊ နေပြည်တော် မျက်စိ နား နှာခေါင်း လည်ချောင်းရောဂါ အထူးကု ဆေးရုံ (ဥတ္တရသီရိ)၊ နေပြည်တော် တိုင်းရင်းဆေး ဆေးရုံ၊ ပုဂ္ဂလိက ဥတ္တရသီရိအထူးကုဆေးရုံ၊ အငြိမ်းစားနိုင်ငံဝန်ထမ်း ဆေးရုံကြီး (ပုဗ္ဗသီရိ)၊ နေပြည်တော်သပြေကုန်းဈေးအနီးရှိ ဇီဝကဈေးဆိုင်ခန်းများရှိ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများ အစရှိသည်တို့ကို တည်ဆောက်ထားရှိ၍ ကျန်းမာရေးဝန်ဆောင်မှုများ ကို ပံ့ပိုးပေးလျက်ရှိကြောင်း လေ့လာမှတ်သားရပါတယ်။ ။
၁၂။ ဟိုတယ်နှင့် ဧည့်ရိပ်သာများ
နိုင်ငံခြားခရီးသွားများအပါအဝင် ပြည်တွင်း ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သော Green Cityအဖြစ် ပုံဖော်ဖို့ ကြိုးစားတဲ့နေရာမှာ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အရေးကြီသော ကဏ္ဍမှ ပါဝင်လျက်ရှိပါတယ်။ နေပြည်တော်တိုင်းဒေသ၏ ပြည်တွင်း ပြည်ပ ခရီးသွားကဏ္ဍ တိုးတက်စေရန်အတွက် နေပြည်တော် နိုင်ငံတော် ဧည့်ဂေဟာ ဟိုတယ်ဇုန်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဧည့်ရိပ်သာ၊ နေပြည်တော်ဟိုတယ်ဇုန်အမှတ် (၁) ဒက္ခိဏသီရိ၊ ဥတ္တရသီရိဟိုတယ်ဇုန်၊ ပုဗ္ဗသီရိဟိုတယ်ဇုန်၊ ဒက္ခိဏဟိုတယ်ဇုံ – ဇုန်(၃)၊ Grand ACE Villa၊ အစရှိသည်တို့ကို ဖော်ထုတ် ထားသည့်အပြင် အခြားတည်းခိုစရာဟိုတယ်၊ မိုတယ် များစွာကိုလည်း တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။ ။
၁၃။ အားကစား
အားကစားသည် နိုင်ငံတစ်နိုင်ငံ၏ ပုံရိပ်ဖြစ်သည်ဆိုသည့် စကားရပ်အတိုင်း တိုင်းပြည်တစ်ပြည်၏ ခရီးသွားကဏ္ဍတိုးတက်စေရန်၊ ပြည်သူပြည်သားများ၏ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစား၏ အခန်းကဏ္ဍသည်လည်း အရေးကြီးလှပါတယ်။ နိုင်ငံခြားခရီးသွားများအား ဆွဲဆောင်ရန်အတွက်သော်လည်းကောင်း၊ ဒေသတွင်းတိုင်းပြည်များနှင့် ချစ်ကြည်ရေးတည်ဆောက်စေရန် အတွက်လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံရဲ့ပုံရိပ်ကို မြှင့်တင်ရန်အတွက် သော်လည်းကောင်း ပုံဖော် တည်ဆောက်ရာတွင် အားကစားကဏ္ဍသည် အလေးထားဆောင်ရွက်ရမည့်လုပ်ငန်း ဖြစ်နေပြန်ပါတယ်။ နေပြည်တော်၏ အားကစားကဏ္ဍကို လေ့လာကြည့်မယ်ဆိုရင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် အားကစားရုံများ၊ ဇေယျာသီရိအားကစားကွင်းနှင့် အားကစားရုံများ၊ အားကစားရွာ၊ နေပြည်တော်မြို့တော်ဂေါက်ကွင်း ရွိုင်ရယ်မြန်မာဂေါက်ကွင်း၊ ရေပြာဂေါက်ကွင်း၊ ရန်အောင်မြင်ဂေါက်ကွင်း အစရှိသည်တို့ကို စနစ်တကျ တည်ဆောက်ထားရှိထားတာကို တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။
၁၄။ ထူးခြားမှုများ
အုပ်ချုပ်မှုမြို့တော်၊ စီးပွားရေးအချက်အချာမြို့တော်ကြီးအဖြစ် ရပ်တည်လျှက်ရှိသော မြို့တော်သစ်နေပြည်တော်မှာ အလွန်အရေးပါလှတဲ့ ထူးခြားမှုတွေ ရှိနေပြန်ပါတယ်။ ဒီအထဲကမှ
အရေးအပါဆုံး ထူးခြားမှုများကို ကောက်နှုတ်တင်ပြရရင်
(က) နိုင်ငံတကာအဆင့် အစည်းအဝေးပွဲကြီးများမှအချို့
(၂၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး (24 th ASEAN SUMMIT) ကို ၂၀၁၄ခုနှစ်၊ မေလ ၁၀ ရက်နေ့မှ ၁၁ ရက် နေ့အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်း၊
(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး (25 th ASEAN SUMMIT) ကို ၂၀၁၄ခုနှစ်၊ နိုဝင်ဘာ (၁၂) ရက်မှ (၁၃)ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၁)၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်း၊
(၉)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို ၁၃-၁၀-၂၀၁၄ ရက်နေ့ နံနက်တွင် မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းစင်တာ (၁) ရှိ ပတ္တမြားခန်းမ၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းတို့အပြင်
(ခ) ဂုဏ်ယူစရာ နိုင်ငံ့ဂုဏ်ဆောင် ပြိုင်ပွဲကြီးအဖြစ်
၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို (၁၁.၁၂.၂၀၁၃ မှ ၂၂.၁၂.၂၀၁၃ထိ) အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြန်ပါတယ်။ ။
(ဂ) မြို့ပြဆိုင်ရာဆုကြီးရရှိ
ဒါ့အပြင် မြို့တော်သစ်နေပြည်တော်ဟာ ASEAN Environmental Sustainable City Award 2017 (စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သောမြို့ကြီးများ) ဆုကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပါကြောင်း ဂုဏ်ယူစွာဖြင့် ရေးသားတင်ဆက် ပေးလိုက်ရပေတော့သည်။ ။

Royal Land မှ စီစဉ်ရေးသားတင်ဆက်ပါသည်။

Share This

Leave a Reply

Your email address will not be published. Required fields are marked *